ဦးသန့်

ဦးသန့်ကို ၁၉ဝ၉- ခုနှစ်ဇန်နဝါရီလ ၂၂ ရက်သောကြာနေ့တွင် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့၌ အဖဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့ မှ ဖွားမြင်ခဲ့လေသည်။ မွေးချင်း ညီအစ်ကို လေးဦးအနက် အကြီးဆုံးဖြစ်သည်။ မိဘများမှာ အောင်မြင်သော မြေပိုင်ရှင်နှင့် ဆန်ကုန်သည်များဖြစ်ကြသည်။ ဖခင်ဦးဖိုးနှစ်သည် ကာလကတ္တား မြို့ (ယခု ကိုလ်းကားတား) အထိ သွားရောက် ပညာသင်ကြားခဲ့ဖူးသူဖြစ်ရာ အင်္ဂလိပ်စာကိုကောင်းစွာတတ်ကျွမ်းသူ ဖြစ်သည်။ ဦးသန့်၏ဖခင် ဦးဖိုးနှစ်၏ အမျိုးအနွယ်တို့မှာ ဗုဒ္ဓဘာသာကိုယုံကြည်ကြသူများ ဖြစ်ကြပြီး ရန်ကုန်မြို့၌ သူရိယသတင်းစာကို ထူထောင်ခဲ့သည်။[၁] ထိုခေတ်က မြန်မာလူမျိုးများတွင် အင်္ဂလိပ်စာ တတ်ကျွမ်းသူ ရှားပါးလှရာ၊ မောင်သန့်လေးမှာ ဖခင်ထံမှ အင်္ဂလိပ်စာနှင့် စာပေဗဟုသုတတို့ကို သင်ယူလေ့လာ ဆည်းပူးခွင့် ရရှိခဲ့လေသည်။ မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာတွင်လည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။ မောင်သန့်သည် ငယ်စဉ်ကပင် စာရေးဆရာလုပ်ရန် ဝါသနာ ထုံခဲ့ရာ ရှေးခေတ်မြန်မာစာပေ ပညာရှင်ကြီးများရေးသားခဲ့သော ပျို့၊ ကဗျာ၊ မော်ကွန်းရာဇဝင်စသည့် ရှေးဟောင်းစာပေများနှင့် ရာဇဝင်များကို အချိန်ရလျှင်ရသလို လေ့လာလိုက်စားခဲ့သည်။ ဤသို့ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာ သီလဝံသမှ စ၍ နတ်ရှင်နောင်၊ နဝဒေး၊ လှိုင်ထိပ်ခေါင်တင်၊ မြဝတီမင်းကြီးဦးစ၊ စလေဦးပုည အဆုံး မြန်မာစာဆို တော်ကြီးများ၏ လက်ရာအဖုံဖုံကို လေ့လာဖတ်ရှုမှတ်သားခဲ့သည်။ မောင်သန့် ၁၂ နှစ်သားအရွယ်မှာပင် ဖခင်ဖြစ်သူ၏စာအုပ်စင်မှ ရှိတ်စပီးယား၊ နာမည်ကျော် စုံထောက် စာရေးဆရာ ဆာအာသာကိုနင်ဒွိုင်း စသူတို့၏ အင်္ဂလိပ်ဝတ္တုကြီးများကို မွှေနှောက်ရှာဖွေ၍ ဖတ်ရှုတတ် နေလေပြီ။ သို့သော် မောင်သန့်အသက် ၁၄ နှစ်အရွယ်တွင် ဖခင်ကြီးရုတ်တရက်ကွယ်လွန်သွားခဲ့ရာ၊ မိခင်ဖြစ်သူ ဒေါ်နန်းသောင်မှာ သားလေးယောက်နှင့်ဘဝကို ရုန်းကန်ကြိုးစားရတော့သည်။ ပန်းတနော်အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို သင်ယူ လေ့လာခဲ့သည်။ တက္ကသိုလ် ပြီးဆုံးသောအခါ ပန်းတနော်မြို့ အမျိုးသားကျောင်းတွင် ဆရာလုပ်ရန် ပြန်လာခဲ့သည်။ အသက် ၂၅ နှစ်တွင် ထိုကျောင်း၏ ကျောင်းအုပ် ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် အနီးအနားရှိ မအူပင်မြို့တွင် နေထိုင်ပြီး ပညာအုပ်ဖြစ်သော နောင်တစ်ချိန်၌ မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာမည့် ဦးနု နှင့် ခင်မင်ရင်းနှီးခဲ့သည်။ ဦးသန့်သည် သီလဝ ဟူသော ကလောင်အမည်ဖြင့် အချို့မဂ္ဂဇင်းနှင့် သတင်းစာအတွက် ဆောင်းပါး အပတ်စဉ်ရေးပေးသည်။ ဦးသန့်သည် စာအုပ်အချို့ကိုလည်း ဘာသာပြန်ခဲ့သည်။[၂]
ဦးသန့်သည် ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ပြီး ယင်းရာထူးအား အာရှနိုင်ငံများထဲမှ ပထမဦးဆုံး ရရှိသူဖြစ်သည်။ ဦးသန့်သည် ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှ စတင်ကာ အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး၏ မကုန်ဆုံးသေးသော သက်တမ်းကို ဖြည့်ဆည်းရန် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် အထွေထွေညီလာခံမှ ယာယီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ထို့နောက် ၁၉၆၂ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အထွေထွေညီလာခံမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ ခုနှစ် နိုဝင်ဘာလ ၃ ရက် သက်တမ်းအထိ ခန့်အပ်ခြင်းခံခဲ့ရသည်။ သူ၏ပထမသက်တမ်းအတွင်းတွင် ကျူးဘားဒုံးပျံပြဿနာ (Cuban Missile Crisis) ကို ဖြေရှင်းပေးရာတွင် ပါဝင်စေ့စပ်ပေးမှု နှင့် ကွန်ဂိုပြည်တွင်းစစ်ကို ပြီးဆုံးစေခဲ့ခြင်းတို့ကြောင့် အများက အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
ဦးသန့်သည် ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၂ရက်တွင် လုံခြုံရေးကောင်စီမှ တညီတညွတ်တည်း ထောက်ခံမှုဖြင့် အထွေထွေညီလာခံမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် ထပ်မံခန့်အပ်ခြင်းခံခဲ့ရသည်။ သူ၏ အထွေထွေအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းမှာ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ သူအငြိမ်းစားယူမည့် အချိန်အထိ ဖြစ်သည်။ သူ၏ အတွင်းရေးမှူးချုပ် သက်တမ်းအတွင်းတွင် ကုလသမဂ္ဂသို့ အာရှ နှင့် အာဖရိကမှ ဒါဇင်မျှသော နိုင်ငံတို့ ဝင်ရောက်ရေးအတွက် ကြည့်ရှုစောင့်ကြပ်ခဲ့ရပြီး သူသည် တောင်အာဖရိက အသားအရောင်ခွဲခြားမှု ကို အပြင်းအထန် ဆန့်ကျင်သူဖြစ်သည်။ ထို့အပြင်သူသည် UNDP, UN University, UNCTAD နှင့် UN Environmental Programme အပါအဝင် ယူအင်န် ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သက်ဆိုင်သော အေဂျင်စီ၊ ရန်ပုံငွေအဖွဲ့နှင့် ပရိုဂရမ် အမြောက်အများကို တည်ထောင်ခဲ့သည်။ ဦးသန့်သည် မြောက်မြားလှသော ကြားဝင်ဖျန်ဖြေမှုများကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဥပမာအားဖြင့် ၁၉၆၂တွင် ယီမင်အရေးနှင့် ၁၉၆၈တွင် ဘာရိန်းအရေးတို့ဖြစ်သည်။ ယင်းကိစ္စတို့သည် ဒေသတွင်း ငြိမ်းချမ်းရေးကိုထိပါးစေနိုင်သည့် စစ်ဖြစ်ကြမည့် အရေးများဖြစ်ပြီး ဦးသန့်၏ လိမ္မာပါးနပ်စွာ ကြားဝင်စေ့စပ်ပေးမှုကြောင့်သာ စစ်ကိုရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ဦးသန့်ပုံပါ ကုလသမဂ္ဂစာအိတ်
ဦးသန့် နှင့် ကျူးဘားခေါင်းဆောင် ကပ်စထရို
သူ့အရင် အထွေအထွေအတွင်းရေးမှူးချုပ် နှစ်ယောက်နှင့်မတူပဲ သူသည် သက်တမ်းဆယ်နှစ်ပြည့်မြောက်သည်နှင့် အနားယူခဲ့သည်။ ဦးသန့်ကို တာဝန်ပေးခန့်အပ်ခဲ့စဉ် ၁၉၆၁ခုနှစ်က ဆိုဗီယက်ပြည်ထောင်စုက အထွေထွေအတွင်းရေးမှူးချုပ်သုံးဦး ထားရှိမည့် Trioka အစီအစဉ်ကို ကြိုးပမ်းလာခဲ့ဖူးသည်။ ယင်းအစီအစဉ်မှာ စစ်အေးစစ်ပွဲ ဆင်နွှဲနေကြသော ဆိုဗီယက်နှင့် အမေရိကန် ဦးဆောင်သည့် နိုင်ငံများဘက်မှ အထွေထွေအတွင်းရေးမှူးချုပ်နှစ်ဦးနှင့် အခြားတစ်ဦး ပေါင်းသုံးဦးဖြစ်သည်။ ၁၉၆၆ ခုနှစ် ဦးသန့်အား ဒုတိယသက်တမ်းအတွက် ထပ်မံတာဝန်ပေးသောအခါ ဦးသန့်၏ ပထမအကြိမ်သက်တမ်းအတွင်း စွမ်းဆောင်မှုများကြောင့် အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ဝတ္တရား၏ အရေးပါမှုကို သိရှိလာသော ဆိုဗီယက်တို့သည် ယင်းအစီအစဉ်ကို ထပ်မံမတင်ပြတော့ပဲ တစ်ဦးတည်းသာ ခန့်အပ်ရန် သဘောတူခဲ့သည်။
ဒုတိယသက်တမ်းအတွင်း ဦးသန့်သည် အာရပ်အစ္စရေးခြောက်ရက်စစ်ပွဲ (၁၉၆၇)၊ ပရာ့ဂ်နွေဦးတော်လှန်ရေးနှင့် ချက်ကိုဆလိုဗားကီးယားနိုင်ငံ သို့ ဆိုဗီယက်ကျူးကျော်မှု အရေးအခင်း၊ ၁၉၇၁တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလွတ်လပ်ရေး ရရှိစေမည့် အိန္ဒိယပါကစ္စတန်စစ်ပွဲ စသည်တို့ကို အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့သည်။

Source - Wikipedia

Comments