- Get link
- X
- Other Apps
Featured Post
Posted by
Basic Education High School - Mone
on
- Get link
- X
- Other Apps
ကုန်းဘောင်ခေတ်သည် မြန်မာတို့၏ နောက်ဆုံးကိုယ်ပိုင်အုပ်ချုပ်ရေးကို ရခဲ့သည့်ခေတ်နှင့် ခေတ်သစ်တစ်ခုဆီသို့ ကူးပြောင်းရန် အကောင်းဆုံး အခွင့်အရေး ရခဲ့သည့်ခေတ်လည်း ဖြစ်ခဲ့သည်။ အောက်ပြည်အရပ်တွင် မွန်တို့ကို အောင်နိုင်ပြီး ပင်လယ်ထွက်ပေါက်ရရှိခဲ့ခြင်း၊ ရခိုင်ကိုသိမ်းပိုက်ပြီး အနောက်ဖက် မဏိပူရ အထိ အာဏာကြီးခြင်း (ထို့ကြောင့် အိန္ဒိယနှင့် ပိုမိုတိုးတက်သည့် သံတမန်ဆက်ဆံရေး ရနိုင်ရန် အခွင့်အရေးရှိခဲ့သည်။) တို့ကို ကောင်းစွာအသုံးမချနိုင်ခဲ့ဘဲ နန်းတွင်း အရှုပ်တော်ပုံများ၊ အာဏာလုပွဲများ၊ အာဏာသိမ်းပွဲများ အစရှိသည့် ပြဿနာများဖြင့်သာ လုံးပန်းအချိန်ကုန်ခဲ့ရသည့်အတွက် ထူးချွန်သည့် ပညာရှင်များ၊ မင်းညီမင်းသားများ(ကနောင်မင်းသား အပါအဝင်) ဆုံးရှုံးခဲ့ရသည်။ နောက်ဆုံးမင်းဆက်ဖြစ်သည့် သီပေါမင်း လက်ထက်အရောက်တွင် အင်္ဂလိပ်တို့ ကိုလိုနီအတွင်း သိမ်းပိုက်သွပ်သွင်းခံခဲ့ရတော့သည်။
ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်တွင် ပထမ အင်္ဂလိပ် - မြန်မာစစ် (၁၈၂၄-၁၈၂၆) ဖြစ်ပွားပြီး အာသံ ၊ မဏိပူရ ၊ ရခိုင်နှင့် တနင်္သာရီ တို့ကို အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီလက်သို့ ပေးအပ်ခဲ့ရသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ တွင် စစ်သူကြီး မဟာဗန္ဓုလမှာ ထင်ရှားခဲ့သည်။ ပုဂံမင်းလက်ထက်တွင် ဒုတိယ အင်္ဂလိပ် - မြန်မာစစ် ဖြစ်ပွားခဲ့ပြီး ဧရာဝတီ ၊ ရန်ကုန် နှင့် ပဲခူးတို့ကို အင်္ဂလိပ်တို့ လက်သို့ ပေးအပ်ခဲ့ရပြီး အောက် မြန်မာနိုင်ငံ တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် (၃)လသာ ကြာမြင့်ခဲ့သည်။ သီပေါမင်း (၁၈၇၈-၁၈၈၅) လက်ထက်တွင် တတိယ အင်္ဂလိပ် - မြန်မာစစ် ဖြစ်ပွားခဲ့ပြီး မြန်မာတို့၏ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရသည်။ သီပေါမင်းနှင့် မိသားစုများအား အင်္ဂလိပ်တို့က အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့သည်။ ၁၈၈၆ ဇန်နဝါရီ (၁) ရက်နေ့တွင် မြန်မာနိုင်ငံအား အိန္ဒိယ၏ပြည်နယ်တစ်ခုအနေဖြင့် ဗြိတိသျှအင်ပါယာအတွင်းသို့ သွပ်သွင်းလိုက်ကြောင်း အင်္ဂလိပ်တို့က ကြေငြာခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးနောက် မြန်မာ့ နန်းစဉ် ရတနာနှင့် အဖိုးတန်ပစ္စည်း အများအပြား အင်္ဂလိပ်တို့ သိမ်းပိုက်ယူငင် ခဲ့ကြရာ သမိုင်းတွင် ထင်ရှားလှသည့် ပတ္တမြား ငမောက်လည်းပါဝင်ခဲ့ပြီး ယခုတိုင် မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိရပေ။
မင်းဆက်များ
ကုန်းဘောင်ခေတ်တွင် အုပ်ချုပ် မင်းပြုခဲ့သော မင်းဆက် (၁၁) ဆက်ရှိသည်။ ယင်းတို့မှာ −
- အလောင်းမင်းတရား (သို့) ဦးအောင်ဇေယျ (၁၇၅၂ – ၁၇၆၀)
- နောင်တော်ကြီးမင်း (သို့) ဒီပဲယင်းမင်း (၁၇၆ဝ– ၁၇၆၃)
- မြေဒူးမင်း (သို့) ဆင်ဖြူရှင်မင်း (၁၇၆၃ – ၁၇၇၆)
- စဉ့်ကူးမင်း (၁၇၇၆ – ၅ ဖေဖော်ဝါရီ ၁၇၈၂)
- ဖောင်းကားစား မောင်မောင် (၅ – ၁၁ ဖေဖော်ဝါရီ ၁၇၈၂)
- ဘိုးတော်ဘုရား (သို့) ဗဒုံမင်း (၁၇၈၂ – ၁၈၁၉)
- ဘကြီးတော်(စစ်ကိုင်းမင်း) (၁၈၁၉ – ၁၈၃၇)
- သာယာဝတီမင်း (၁၈၃၇ – ၁၈၄၆)
- ပုဂံမင်း (၁၈၄၆ – ၁၈၅၃)
- မင်းတုန်းမင်း (၁၈၅၃ – ၁၈၇၈)
- သီပေါမင်း (၁၈၇၈ – ၁၈၈၅)
အတိုကောက်အားဖြင့် "လောင်း ၊ နောင် ၊ ဆင် ၊ စဉ့် ၊ မောင် ၊ ဘိုး ၊ ဘ ၊ သာ ၊ ပု ၊ မင်း ၊ သီ" ဟူ၍ မှတ်သားကြသည်။
အုပ်ချုပ်ရေးဌာနများ
နိုင်ငံ၏ပိုင်နက် ကျယ်ဝန်းလာနှင့်အတူ အုပ်ချုပ်မှုချောမွေ့စေရန် ဌာနများ ဖွဲ့စည်းထားရှိရာ လွှတ်ရုံးငါးရပ်ဟူ၍ ထင်ရှားသည်။[၂] ၎င်းတို့မှာ −
- လွှတ်တော်
- ဗြဲတိုက်
- အရှေ့ရုံး
- အနောက်ရုံး
- တရားရုံး ဟူ၍ ဖြစ်သည်။
သီပေါမင်း နန်းကျသည်အထိ ဤလွှတ်ရုံးငါးရပ်ဖြင့် နိုင်ငံကို စီမံအုပ်ချုပ်ခဲ့သည်။
လွှတ်တော်
ဥပုသ်နေ့မှအပ ကျန်နေ့များတွင် တနေ့နှစ်ကြိမ် လွှတ်တော်ဝင်ရသည်။ တက်ရောက်ရသည့် အရာရှိကြီးများမှာ −
- ဝန်ကြီး
- ဝန်ထောက်
- စာရေးတော်ကြီး
- မြင်းစုဝန်ကြီး
- မြင်းစာရေးကြီး
- အသည်ဝန်
- အသည်စာရေး
- မြေတိုင် အမတ်
- နားခံတော်
- အမိန့်တော်ရ
- အမိန့်တော်ရေး
- အမှာတော်ရေး
- အသုံးစာရေး
- အဝေးရောက်
- မြန်မာသံခံ
- ရှမ်းသံခံ
- ယွန်းသံခံ
- ကသည်းစာပြန်
- တရုတ်စာပြန်
- သစ္စာတော်ရေး
- ပြော့နေရာချ သွေးသောက်ကြီး
- လွှတ်စောင့် သွေးသောက်ကြီး
- လက်နက်တိုက်ဝန်
- လက်နက်တိုက်စိုး
- ကသောင်းမြောင်တိုက်စိုး
- ကသောင်းမြောင်တိုက်စာရေး
- လက်ဆောင်ယူတိုက်စိုး
- လက်ဆောင်ယူတိုက်စာရေး တို့ ဖြစ်ကြသည်။
Source - Wikipedia
Comments
Post a Comment