- Get link
- X
- Other Apps
Featured Post
Posted by
Basic Education High School - Mone
on
- Get link
- X
- Other Apps
မြေမျက်နှာသွင်ပြင်
မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်ကို အကြမ်းအားဖြင့် အနောက်ဘက်တောင်တန်းကြီးများဒေသ၊ အလယ်ပိုင်း မြေနိမ့်မြစ်ဝှမ်း လွင်ပြင်ဒေသ၊ အရှေ့ဘက်ကုန်းမြင့်ဒေသဟူ၍ သုံးပိုင်းပိုင်းခြားနိုင်သည်။ ဟိမဝန္တာတောင်တန်းသည် မြန်မာနိုင်ငံနှင့်ဆက်စပ်နေပြီး အနောက်ရိုးမတောင်တန်းအဖြစ် တောင်ဘက်သို့ သွယ်တန်းလျက်ရှိသည်။ အနောက်ရိုးမတောင်တန်းဒေသ၏ မြန်မာနိုင်ငံမြောက်စွန်းတွင်ရှိသော ခါကာဘိုရာဇီတောင်မှာ ၅၈၈၁ မီတာ (၁၉၂၉၅ ပေ) မြင့်၍ မြန်မာနိုင်ငံတွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်။[၂၆] စာရာမေတိတောင်ထိပ်သည် ၁၂၅၅၃ ပေမြင့်သည်။ မြန်မာနိုင်ငံတွင် ဟိမဝန္တာတောင်မကြီး၏ မြောက်မှ တောင်သို့ ဖြာဆင်းလာသော တောင်တန်းကြီးသုံးခုရှိရာယင်းတို့မှာ ရခိုင်ရိုးမ၊ ပဲခူးရိုးမနှင့် ရှမ်းကုန်းပြင်မြင့်တို့ဖြစ်ကြလေသည်။[၂၇] အနောက်ရိုးမတောင်တန်းကြီးသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို တံတိုင်းသဖွယ် ကာဆီးထားလျက်ရှိသည်။ အလယ်ပိုင်းမြစ်ဝှမ်း မြေနိမ့်လွင်ပြင်ဒေသများတွင် ဧရာဝတီမြစ်ဝှမ်းဒေသသည် အကျယ်ဆုံးဖြစ်၍ ပထမပိုင်းကို မြစ်ဖျားမှ မန္တလေးမြို့အထိ၊ ဒုတိယပိုင်းကို မန္တလေးမှ ပြည်မြို့အထိ၊ တတိယပိုင်းကို ပြည်မြို့မှ မြစ်ဝအထိ ပိုင်းခြားလေ့လာတွေ့ရှိနိုင်သည်။ အလယ်ပိုင်းမြစ်ဝှမ်း မြေနိမ့်လွင်ပြင်ဒေသတွင် စစ်တောင်းမြစ်ဝှမ်းဒေသနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသတို့လည်း ပါဝင်သည်။ အလယ်ပိုင်းမြစ်ဝှမ်းမြေနိမ့်ဒေသ၌ ဇီးဖြူတောင်တန်း၊ မင်းဝံတောင်တန်း၊ မှန်ကင်းတောင်တန်းနှင့် ဂန့်ဂေါတောင်တန်းစသည့် တောင်တန်းငယ်များ တည်ရှိသည်။ ထိုဒေသ၌ ပဲခူးရိုးမတောင်တန်းသည် မြောက်မှတောင်သို့ တွန့်ခေါက်သွယ်တန်းလျက် ရှိသည်။ အရှေ့ဘက် ကုန်းမြင့်ဒေသမှာ ရှမ်းကုန်းပြင်မြင့်ဒေသဖြစ်၍ ပျမ်းမျှ ပေပေါင်း ၃ဝဝဝ မှ ၄ဝဝဝ အထိ မြင့်သည်။ ကုန်းပြင်မြင့်ဆိုသော်လည်း ညီညာနေခြင်းမဟုတ်ဘဲ မြင့်မောက်သော တောင်တန်းကြီးများရှိပြီး သံလွင်မြစ်သည် ရှမ်းကုန်းပြင်မြင့်ဒေသမှ တနင်္သာရီကမ်းမြောင်မြောက်ပိုင်း မြေညီလွင်ပြင်သို့ စီးဆင်းသည်။ ရှမ်းကုန်းပြင်မြင့်၌ မြစ်ဖျားခံသော ရွှေလီ၊ မြစ်ငယ်၊ ဇော်ဂျီနှင့် ပန်းလောင်မြစ်တို့သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်ကြသည်။ ဧရာဝတီမြစ်သည် မြန်မာ့ အရှည်ဆုံးမြစ်ဖြစ်ပြီး ၂၁၇ဝ ကီလိုမီတာ (၁၃၄၈ မိုင်) နီးပါးရှည်လျားပြီး မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင်သွားသည်။ တောင်စဉ်တောင်တန်းကြီးအကြားတွင် မြေဩဇာကောင်းမွန်သော လွင်ပြင်ကျယ်ကြီးများ တည်ရှိလေသည်။[၂၇] မြန်မာနိုင်ငံ၏ လူဦးရေအများစုမှာ ရခိုင်ရိုးမတောင်တန်းနှင့် ရှမ်းကုန်းပြင်မြင့်ကြားတွင် ရှိသည့် ဧရာဝတီမြစ်ဝှမ်းဒေသတလျှောက် နေထိုင်ကြသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးခြင်းသည် ၎င်း၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့အား ထိန်းသိမ်းပေးရာရောက်ခဲ့သည်။[၂၈] သစ်တောအုပ်ကြီးများ ထူထပ်သိပ်သည်းသည့် အမြဲစိမ်းသစ်တောများနှင့် ကျွန်းတောကြီးများသည် အောက်မြန်မာနိုင်ငံ၏ ၄၉ ရာခိုင်နှုန်း ကျော်သော ဧရိယာကို ဖုံးလွှမ်းလျက်ရှိသည်။ ဤဒေသတွင် အလေ့ကျပေါက်ရောက်သော အပင်များတွင် ကြက်ပေါင်စေးပင်၊ ရှားပင်၊ ပျဉ်းကတိုးပင်၊ လမုတော၊ အုန်းပင်နှင့် ကွမ်းသီးပင်များ ပါဝင်လေသည်။ မြောက်ဘက်ကုန်းမြင့်ဒေသများတွင် ဝက်သစ်ချပင်၊ ထင်းရှူးပင်၊ ဇလပ်ပင်မျိုးစုံတို့ပေါက်ရောက်ကြသည်။ ကမ်းရိုးတန်း တစ်လျှောက်တွင်လည်း အပူပိုင်းဒေသသစ်သီးဝလံမျိုးစုံပေါက်ရောက်ကြသည်။[၂၈] မိုးနည်းရပ်ဝန်းဒေသတွင်မူ အပင်များမှာ ကြဲပြီးလှီကြသည်။
Comments
Post a Comment