မယ်ခွေ

မယ်ခွေသည် ရတနာသိင်္ဃမြို့နေ စစ်တောင်းဝန်၏ သမီးနှစ်ယောက်အနက် အငယ်ဖြစ်လေသည်။ အရွယ်ရောက်လတ်သော် အမွေဝန်ဟောင်း မောင်စွက်နှင့် စုံဖက်၏။ မယ်ခွေ၏ အစ်မကား မယ်ကေတည်း။
မယ်ခွေသည် ကုန်းဘောင်ခေတ် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် နန်းတက်တော်မူသော ဘိုးတော်ဘုရား လက်ထက်တွင် ထင်ရှားကျော်စောသော အမျိုးသမီး စာဆိုတော်တစ်ဦး ဖြစ်သည်။ ပညာရှင်တချို့၏ မှတ်သားချက်အရ မယ်ခွေသည် မြန်မာသက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် နန်းတက်တော်မူသော သာယာဝတီမင်း လက်ထက်တိုင်အောင် ထင်ပေါ်ကျော်ကြားသူ ဖြစ်၏။[၁]
အဲချင်းဟူသော ကဗျာအဖွဲ့အနွဲ့ များစွာတို့ကို ရေး သားခဲ့သဖြင့် မြန်မာဂန္ထဝင်တွင် ထင်ရှားသောအမျိုးသမီးတစ်ဦး ဖြစ်၍ အဲမယ်ခွေဟုပင် အမည်တွင်ကြောင်း သာမန် သိရသည်။

မယ်ခွေ၏ ကဆုန်လဘွဲ့ အဲတစ်ပုဒ်မှာ-
             
             ကဆုန်လပြိဿရာသီဘွဲ့

ဖလ်နန်းမှ မျက်အုံလေ။ နေနှင့်ယှဉ်မှီ။ ရောဟဏီတည်း။
မှန်စီဆောင်က။ ရွှေထီးရိပ်ပြပါလို့။ လွမ်းစယှက်သွယ်။ 
မင်းမူဟန်ကျယ်လှ။ မိုးလယ်ဘုံမှာတဲ့လေး။ ကဆုန်ငယ်မှရတု။
မြနီ လာစစ်။ အပြာရစ်နှင့်။ ရှစ်မျက်နှာဆို။ တောတစ်ခိုမှာ။
ပျိုနုနုနှင့်။ ကျီးဥမှလဲ့ပြာ။ စကားထုံသင်း။ ကောဇာ ချင်းတွင်။ 
တုကင်းလွတ်ကွာ။ ငှက်ပေါင်းသာလို့။ ညာချွေငယ်စံသည်။ 
ယုဂန်မှာတိမ်တစ်ပုံက။ ဂဠုန်လိုဝဲ။ ။ အသဲမှဆွတ်ကျင်။ 
သောင်သင်ဖြူးခင်း။ မြစ်ကြီးတွင်းမှာ။ ငါးကြင်းဆန်ကူး။ 
ငါးတန်မြူးသည်။ ပိုက်ဦးငင်လို့။ သဘင်မှဖြိုးဝေ။ 
ဇင်ယော်သောင်တင်း။ ရွှေပိန်ညင်းတို့။ ချစ်တင်းပိုင်ပိုင်။ 
အာလုပ်ကယ်လှိုင်လို့။ သံပြိုင်ငယ်ချွေသည်။ 
ဂြိုဟ်စနေဖီလာပိုင်းဆီက။ မုန်တိုင်းချီပြင်း။ ။ပြည်ကေမ္ဗာဇ။ 
တိုင်းညိုမြမှာ။ တံငါတာရာ။ ကြယ်ဥက္ကာနှင့်။ အခါညောင်ရေ။ 
ပွဲစုံငယ်ထွေလို့။ လွမ်းဗွေဆိုင်ညီ။ သေမင်းပင်မှီရော့ထင့်။
စက်ရာသီပြိဿ ရေးတဲ့။ ငိုကြွေးခင်း။ ။

မယ်ခွေသည် ရတနာသိင်္ဃမြို့မှ စစ်တောင်းဝန်ကြီး၏ သမီးဖြစ်၍ အမွေဝန်မောင်စွက်နှင့် လက်ထပ်သည်။ မယ်ခွေ သည် ညောင်ရမ်းမင်းတရားလက်ထက်တွင် ကဗျာလင်္ကာများ ဖွဲ့ဆိုသည်။ သက္ကရာဇ် ၁၁၈ဝ ပြည့်နှစ်တွင် စပ်ဆိုသောအဲချင်း များကို ၈ဝ ပေါ်အဲဟု ခေါ်ကြသည်။
မယ်ခွေသည် ၁၂ ရာသီဘွဲ့များကို အဲကဗျာအဖွဲ့အနွဲ့ဖြင့် ရှေးဦးစွာ ဖွဲ့ဆိုသူဖြစ်သည်။ ရှေးက ၁၂ ရာသီဘွဲ့များမှာ ရတု၊ လူးတား စသည့် အဖွဲ့အနွဲ့များဖြင့်သာ ရှိခဲ့သည်။ မယ်ခွေ၏ ရာသီဘွဲ့များမှာ စေ့စပ်ကျနသည်။ မယ်ခွေသည် အခြား အမျိုးသားစာဆိုတော်ကြီးများ၏ လက်ရာကို မီအောင်ဖွဲ့နွဲ့ နိုင်သည်။ စိတ်ကူး ဆန်းကြယ်၍ ယဉ်ကျေးနွဲ့နှောင်းသော စကားလုံးများဖြင့် ကဗျာများကို တန်ဆာဆင်နိုင်သည်။ မယ်ခွေသည် ရာသီဘွဲ့အဲများအပြင် ကျေးစေဘုရားတိုင်၊ မယ်ဘွဲ့မောင်ဘွဲ့၊ မိုးဘွဲ့၊ တောဘွဲ့၊ ရတုများနှင့် ငိုချင်းများကို လည်း ရေးသားခဲ့သည်။ မယ်ခွေ၏ ငိုချင်းများမှာ နောက်တွင် ခေတ်စားလာသော 'စုံ့နံ့သာမြိုင်' ရှာပုံတော်ကြီး စသောငိုချင်း ရှည်များ၏ ရှေ့ပြေးဖြစ်သည်။ [၂]

Comments