- Get link
- X
- Other Apps
Featured Post
Posted by
Basic Education High School - Mone
on
- Get link
- X
- Other Apps

ကြာအိုးအံ ပုဂံတည် ဆိုရိုးစကားအရ (ကြာ = ၂ ၊ အိုး = ၁ ၊ အံ = ၁) ၂၁၁-ခုနှစ်၌ တည်ထောင်သည်။ [၁]
အစဦးတွင် ဗမာလူမျိုးတို့သည် ကျောက်ဆည်ခရိုင် ဒေသများတွင် အခြေချပြီး တစ်နယ်တစ်မင်း ထူထောင်ကာ စုစည်းနေထိုင်ကြရာမှ အေဒီ ၁၀ ရာစုသို့ရောက်သည့်အခါ ပုဂံမင်းသည် အင်အားအကြီးဆုံးအဖြစ် အသိအမှတ်ပြုခံရကာ မင်းကြီး ဖြစ်လာသည်။ သို့သော် အစောပိုင်း ပုဂံမင်းဆက်များအကြောင်းမှာ ပါးစပ်ပြောရာဇဝင်သာရှိပြီး တိကျသည့် သမိုင်းအထောက်အထားများကိုမူ ရှာဖွေမတွေ့ရချေ။ အထောက်အထားများကို အစောဆုံး စတင်ကာတွေ့ရသည့် အနော်ရထာ မင်းလက်ထက်အရောက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြပြီး နိုင်ငံရေး ဩဇာအရလည်း အထွတ်အထိပ်သို့ရောက်လာခဲ့သည်။
သို့သော် ၎င်းအလွန်တွင်နန်းတက်သည့် စောလူးမင်း၏ အရည်အချင်းညံ့ဖျင်းမှုများကြောင့် တိုင်းပြည်ပြိုကွဲလုနီးနီး အန္တရာယ်ကျရောက်ခဲ့ပြီး ၎င်းလည်း ရန်သူ့လက်ချက်ဖြင့် အနိစ္စရောက်ရသည်။ ၎င်းအလွန်တွင် နန်းစံကြသည့် ကျန်စစ်သား နှင့် အလောင်းစည်သူ မင်းများလက်ထက်တွင် တစ်ဖန်အင်အားဩဇာ ပြည့်ဝကြသော်လည်း ထိုမင်းများလွန်လျှင် ပုဂံ၏ဩဇာမှာ တစ်ဖန်ကျဆင်းသွားရပြန်သည်။
နောက်ဆုံး အေဒီ ၁၂၈၇ နရသီဟပတေ့ခေါ် တရုတ်ပြေးမင်း လက်ထက်တွင် မွန်ဂိုတို့၏ စစ်ရန်ကြောင့် ပုဂံမှာ ပျက်စီးခဲ့သည်။ မွန်ဂိုတို့ မြန်မာနိုင်ငံမှ တပ်ပြန်ရုပ်သိမ်းအပြီး နန်းတက်ကြသည့် ကျစွာ၊ စောနစ်၊ စောမွန်နစ်တို့မှာ ပုဂံမင်းဟုသာ အသိအမှတ်ပြုခံရပြီး အမှန်တကယ်တွင် ဩဇာရှိကြသည်မှာ ရှမ်းညီနောင်သုံးဦးဖြစ်သည့် အသင်္ခယာ၊ ရာဇသင်္ကြံ၊ သီဟသူ တို့ဖြစ်ကြသည်။ အချို့သမိုင်းဆရာတို့က ထိုကာလကို မြင်စိုင်းခေတ် (သို့မဟုတ်) ပထမရှမ်းခေတ် အဖြစ်လည်း သတ်မှတ်ကြသည်။
ပုဂံခေတ်ပျက်သုဉ်းရခြင်း၏ အကြောင်းအရင်းမှာ မင်းများညံ့ဖျင်းခြင်း၊ မွန်ဂိုတို့၏ ရန်စစ်ကိုခံရခြင်းအပြင် မြောက်ဘက်နှင့် အရှေ့ဘက်တစ်လွှားတို့မှ ရှမ်းလူမျိုးများ အလယ်ပိုင်းမြေပြန့်ဒေသများအတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်နေရာယူလာခြင်းတို့ကြောင့်လည်း ဖြစ်သည်ဟု သမိုင်းပညာရှင်တစ်ချို့က သုံးသပ်ကြသည်။
Source - Wikipedia
Comments
Post a Comment